အလုပ်လုပ်ခြင်းနှင့် မိမိကိုယ်ကိုယ်ရှာဖွေခြင်း
အလုပ်လုပ်ခြင်းနှင့် မိမိကိုယ်ကိုယ်ရှာဖွေခြင်း
တနေ့က ကျွန်တော်ကြိုက်တဲ့ Coldplay အဖွဲ့က Chris Martin က The Ellen Show မှာ Ellen နဲ့အင်တာဗျူး လေးကြည့်ဖြစ်တယ်။ Ellen က Martin ရဲ့ သူ့ကလေးတွေ အကြောင်းမေးတော့ Martin က သူ့သမီး ရဲ့ ပထမဆုံးအလုပ်ကို သူသွားတဲ့ဖြစ်ရပ်အကြောင်းပြောပြတယ်။ မာတင် ရဲ့ သမီးက ၁၆ နှစ်ပြည့်တော့မယ်အချိန်မှာ အတွေ့အကြုံ နဲ့သူ့ ကိုယ်ပိုင်ဝင်ငွေရှာချင်လို့ ပထမ ဆုံးအလုပ်ကို အကျီအထည်ဆိုင်မှာ အလုပ်လုပ်တယ်ပေါ့။ ဒါဟာ လူ့လောက ကြီးထဲကို ပထမဆုံး ခြေလှမ်း ကိုလှမ်းတဲ့အတွက် အဖေ တယောက် က သမီး အတွက် ဘယ်လောက်တောင် ဂုဏ်ယူတယ်ဆိုတာ ဝမ်းမြောက်ဝမ်းသာ နဲ့ ပြောပါတယ်။ အဖေ ကလည်း သူ့သမီး ကို အားပေးချင်တာကော ၊ အံ့သြစေချင်တာကော အထည်ဆိုင်သွားပြီး အထည်ဝယ်ဖို့တန်းစီနေတုန်း ငွေရှင်းကောင်တာမှာ တာဝန်ကျတဲ့ သမီး က သူ့ကိုတွေ့သွားတယ်တဲ့။ သမီး က တော့ သူ့ကို ရုတ်တရက်တွေ့တော့ အံ့အားသင့်နေတယ်။ မာတင် က သူ့သမီးကိုကြောက်ပြီး တခြားလိုင်းကိုတန်းစီ ၊ ပိုက်ဆံ ရှင်းပြီး သမီးကို ပေးပေးပါဆိုပြီး ဆိုင်မှာထားခဲ့တယ်တဲ့။ ဆိုင်က ပြန်ထွက်တဲ့အခါ သမီး က I love you Dad အဖေ့ကို ချစ်တယ်ဆိုပြီး အကျယ်ကြီး လှမ်းအော်ပါတယ်။
ဒီဖြစ်ရပ်လေးဟာ မိနစ် ပိုင်းအတွင်းဖြစ်သွားတယ်ဆိုပေမယ့် အဖေ နဲ့သမီး ကြားက နွေးထွေးမှု ၊ အပြန်အလှန်လေးစားမှု ၊ သမီးကလည်း အဖေ က ဘယ်လောက်ကြီး ကမ္ဘာကျော် ချမ်းသာနေ ၊ အလုပ် အတွေ့အကြုံကို ငယ်တုန်းထဲက စတင်ရှာဖွေရမယ်ဆိုတဲ့ ရင့်ကျက်မှုကို ကြည့်ပြီး ဗီဒီယိုကြည့်နေတဲ့သူတွေကိုပါ ရင်ထဲနွေးသွားစေပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ ဒါပါလားပေါ့။
ဒါနဲ့ပတ်သတ်ပြီး ကိုယ့်အတွေ့အကြုံကိုပြန်စဉ်းစားမိတော့ ကျွန်တော် က အင်္ဂလိပ်စာ မေဂျာ နဲ့ပြီး ပြီး ၁၉ နှစ်သားမှ အလုပ်စလုပ်ဖြစ်ပါတယ်။ ပြောရရင် တက္ကသိုလ်ကျောင်းပြီးတော့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုပြီး ကုမ္ဗဏီ တခုမှာ စအလုပ်လုပ်ဖြစ်တယ်။ အလုပ်လုပ်တော့မှ လူ့လောက ကြီးထဲ ရောက်ပြီး ကိုယ်ဘာလုပ်ချင်လဲဆိုတာ စတင်ရှာဖွေဖြစ်တယ်ဆိုပါတော့။ ကိုယ်ကိုယ်တိုင် ဘာလုပ်ချင်တယ်ဆိုတာ ရှာဖွေရတာဟာ ခက်ပါတယ်။အဓိက က မရေရာ မသေချာတဲ့ မေးခွန်းတွေ နဲ့ မလည်နေပဲ အကျိုးရှိတာ တခုခုထ လုပ်လိုက်တာကအရေးကြီးတယ်လို့မြင်ပါတယ်။ ဒါမှသာ အချိန်လည်း မဖြုန်းပစ်ပဲ ၊ တချိန်ထဲမှာ စာဖတ်ရင်ဖတ် ၊ မိမိထက် အသိပညာ အတွေ့အကြုံများသူတွေဆီကနေ အကြံညဏ်ယူရင်း မိမိ လမ်းကြောင်းကို ရှာဖွေနိုင်မှာပါ။
အလုပ်အတွေ့အကြုံ ကနေမှ မိမိ ဘာ ဝါသနာ ပါလဲဆိုတာ သိသွားသူတွေလည်း မနည်းပါဘူး။
ကျွန်တော် တက္ကသိုလ် တက်တဲ့အချိန် ကာလ ၂၀၀၄-၂၀၀၉ တုန်းက အခု ခေတ်လောက် အခြေအနေ မပေးဘူးဆိုပေမယ့် ကျွန်တော်ကိုယ်တိုင် ရတဲ့နည်းနဲ့အလုပ်အတွေ့အကြုံရှာဖို့ အားနည်းမိတာကိုပြန်စဉ်းစားမိတယ်။ ဒါပေမယ့် ကျောင်းပြီးတဲ့အချိန်မှာ ငါတော့ ပညာထပ် ရှာချင်တယ်ဆို ဒီ့ထက် ကြိုးစားရုန်းရမယ်ဆိုပြီး ထိုင်းကို အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ထွက်လာခဲ့တယ်။
၂၀၁၉ နောက်ပိုင်း ကျွန်တော် ရန်ကုန် မှာ ပြန်နေဖြစ်တဲ့အချိန်တွေများပါတယ်။ အဲ့ဒီအချိန်တွေမှာ ဘေးပတ်ဝန်းကျင် တွေကို လေ့လာမိသလောက် လူငယ်တွေ ပေးတဲ့အခြေအနေမှာ ကြိုးစားလာကြတာကိုတွေ့ရပါတယ်။ အိမ်နားက Mart လေးသွားတယ် ၊ ၁၀ တန်းဖြေထားတဲ့ ကလေး ၂ ယောက် အချိန်ပိုင်း အလုပ်လုပ်နေကြတယ်။ သူတို့ပြောနေတဲ့စကားသံ ကြားပြီး ၁၀ တန်းဖြေထားတယ်လို့သိရတာပါ။ နောက်တော့ Myanmar Plaza မှာ ကော်ဖီ ဆိုင်ထိုင်ရင်း စာဖတ်နေတုန်း ဆိုင်က ဝန်ထမ်းတွေဟာ ဒဂုံ မှာ အဝေးသင် တက်ရင်း အလုပ်လုပ်နေတဲ့အကြောင်း ကြားရတယ်။ အခွင့်အရေး ပေးတာကို ရအောင်ယူတဲ့ လူငယ်တွေကို လေးစားရပါတယ်။
ဒါကြောင့် ကျွန်တော့် စာဖတ်မိတဲ့ ညီငယ် ၊ ညီမငယ်တွေရှိရင် အလုပ်လုပ်ဖို့ မတွေဝေပါနဲ့ ။ ခေတ်ကြီးဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကထက် အများကြီး အခြေအနေပေးလာပါပြီ။ စိန်ခေါ်မှုတွေပိုမိုများလာပြီ။ ဝါသနာ ပါရာကို လျှောက်လှမ်းနိုင်ဖို့ ၊ သင်ယူဖို့လည်း အွန်လိုင်းမှာ သင်ယူစရာတွေတပုံကြီးဖြစ်လာပါပြီ။ ကျွန်တော် သိသမျှ ပြန်လည်ဝေမျှချင်တာက အလုပ်လုပ်ရင်း ၊ မိမိ ဘာလုပ်ချင်တယ် ၊ ဘာကို ဝါသနာ ပါတယ် ဆိုတာကိုရှာဖွေဖို့ အနည်း နဲ့အများ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အလုပ် ဟူသမျှ ဂုဏ်ရှိစွ ဆိုသလို ငယ်တုန်း အတွေ့အကြုံယူဖို့ အားပေးချင်ပါတယ်။ ဒီစာ ကနေ တွေးစရာလေးရမယ်လို့မြင်ပါတယ်။
ကျေးဇူးပါ။
28 January 2021
ဉာဏ်ထွန်းလင်း


