ကလေးများအား ညအိပ်ရာဝင် စာဖတ်ပြခြင်းရဲ့ အကျိုးကျေးဇူး (၆)ချက်

၁။ စာဖတ်ခြင်းဟာ ကလေးတွေကို ပျော်ရွှင်ကျန်းမာစေပါတယ်
အမေရိကန် စာတတ်မြောက်ရေးအဖွဲ့ ( National Literacy Trust (NLT) ) ရဲ့လေ့လာချက်အရ စာဖတ်ခြင်းကို နှစ်သက်တဲ့ကလေးတွေဟာ စာဖတ်ခြင်းကိုမကြိုက်တဲ့ကလေးတွေထက် ၃ ဆ ပိုမို ကျန်းမာပျော်ရွှင်စေတယ်လို့ဆိုပါတယ်။ စာဖတ်တာကိုနှစ်သက်တဲ့ကလေးတွေထဲက ၁၀ ယောက်မှာ ၇ ယောက်လောက်ဟာ အိပ်ရာပေါ်မှာစာဖတ်ရတာကို နှစ်ခြိုက်တာကိုတွေ့ရှိတယ်လို့ NLT က Parke က ပြောပါတယ်။ ညအိပ်ရာဝင်ချိန် ပုံတိုပတ်စ တွေဖတ်ပြတာဟာ ကလေးတွေကို ပိုမိုစိတ်လက်ပေါ့ပါးမှုဖြစ်စေပါတယ်တဲ့။
၂။ စာဖတ်ခြင်းဟာ သင်ယူမှုတွေကို အထောက်အကူပြုပါတယ်
ကလေးတွေကို အသံထွက်ပြီး စာဖတ်ပြတာဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ပိုမိုတိုးတက်စေသလို ၊ သင်ယူမှုကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အကြားစွမ်းရည် ကိုလည်း ဖွံဖြိုးစေသလိုပဲ သူတို့မရင်းနှီးတဲ့စကားလုံးသစ်တွေကိုလည်း သင်ယူရာမှာအထောက်အကူဖြစ်ပါတယ်။ တနေ့ကို ကလေး နဲ့အတူ ၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး စာဖတ်ပေးနိုင်ရင်ပဲ ကလေး ဟာ ကျောင်းမှာစာသင်ကြားရာမှာ အထောက်အကူအများကြီးဖြစ်ပါတယ်။
၃။ မိဘ နဲ့ ကလေးကြားက ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်း
ဒါကတော့ ပြောနေစရာလိုမယ်မထင်ပါဘူး။ သုတေသန တွေအရဆို ၆၀ ရာခိုင်နှုန်းသော မိဘ တွေဟာ ကလေးတွေကို စာဖတ်ပြခြင်းကနေတဆင့် မိဘ ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံလာအောင် ၊ စကားပြောလာအောင် လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ၅၄ ရာခိုင်နှုန်းသော မိဘ တွေကတော့ ကလေး တွေအတွက် အချိန် အနည်းငယ်ဖယ်ပေးပြီး စာဖတ်ပေးတာဟာ မိဘ နဲ့ သားသမီး ဆက်ဆံရေး ကို သိသိသာသာ တိုးတက်စေတယ်လို့ပြောပါတယ်။
၄။ စာဖတ်ခြင်းဟာ ဒီဂျစ်တယ် ဖန်သားပြင်တွေထက် ကလေးတွေကို ပိုမိုပျော်ရွှင်စေပါတယ်
မိဘ အများစု က ကလေးတွေကို ဖုန်း တို့ ၊ တီဗွီတို့လို ဒီဂျစ်တယ် ကမ္ဘာကြီးထဲမှာ အချိန်ဖြုန်းတာကို မကြိုက်ကြပါဘူး။ ဒါကြောင့် စာဖတ် တာကို အားပေးဖို့ အရေးကြီးတယ်လို့ မိဘ တွေက ယုံကြည်ထားပါတယ်။ စာဖတ်ဝါသနာ ပါသွားတဲ့ ၉၀ ရာခိုင်နှုန်းသော ကလေးတွေဟာ စာရေး ၊ စာဖတ် ကြားမှာပဲ ပျော်ရွှင်နေတတ်ကြပြီး ဂိမ်းဆော့တာ သို့မဟုတ် ကာတွန်းကား ကြည့်တဲ့နေရာတွေမှာလျော့နည်းသွားပါတယ်။
၅။ တဦးတည်း လွတ်လပ်စွာ စာဖတ်ခြင်းကို ပိုမိုအားပေးခြင်း
ကလေးတွေနဲ့အိပ်ရာဝင် စာဖတ်ပြတဲ့ အလေ့အကျင့်ကနေ ကလေးတွေဟာ တဦးတည်းလွတ်လပ်စွာ စာဖတ်တတ်တဲ့ အလေ့အကျင့်ကောင်းကိုလည်း ရရှိလာနိုင်ပါတယ်။ ပြီးတော့ အဲ့လို ကလေးတွေဟာ စာပေကိုချစ်မြတ်နိုးတဲ့သူတွေဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ရာဝင် စာဖတ်ချိန်ဟာကလေးတွေကို ပုံမှန်စာဖတ်တဲ့အလေ့အကျင့်ကောင်းတွေရရှိစေဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။
၆။ ကလေးတွေ ရဲ့စိတ်ကို နှိုးကြားစေပါတယ်
စာဖတ်ခြင်းရဲ့ အစွမ်းသတ္တိဟာဆိုရင် ကလေးတယောက်ရဲ့စိတ်ကို စိတ်ကူးယဉ်ကမ္ဘာထဲသယ်ဆောင်သွားနိုင်ပြီး သူတို့စိတ်ကူးထဲက ဇာတ်ကောင်တွေအတိုင်း စိတ်ကူးပုံဖော်နေထိုင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကလေးတွေကို တနည်းအားဖြင့် ဉာဏ်ကွန့်မြူးမှုဖြစ်စေပြီး ၊ သူတို့ကိုယ်ပိုင် ပုံပြင် ၊ ဝတ္ထုဇာတ်လမ်းတွေကို ဖန်တီးလာနိုင်စေပါတယ်။
ဤ ဆောင်းပါး သည် Independent ရဲ့The benefits of reading bedtime stories ကိုဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ကျွန်တော် က လူငယ် နှင့် ပညာရေး ၊ နည်းပညာ အကြောင်းအရာများကိုရေးသားနေပါတယ်။ ကျွန်တော့်နာမည် ဉာဏ်ထွန်းလင်း ပါ။